ရွက်စိမ်း ရဲ့ရင်ထဲက ကဗျာ …

ဤမှန်သောသစ္စာစကားကြောင့်ငါ့တွင် အတောင်ရှိ၏ ပျံကားမပျံနိုင်။
ငါ့တွင် အမိအဘတို့ရှိ၏ငါ့အား စွန့်ခွာ၍ထားခဲ့လေပြီ။
ဤမှန်သောသစ္စာစကားကြောင့် တောမီးသည်ဝေးရာသို့ဖဲစေသတည်း။
(ဝတ္တသုတ်လာ သစ္စာဆိုခန်း)

၂ရက် ၅လ ၂၀၀၈ ည ၈နာရီ
ဧရာဝတီတိုင်းလေပြင်းမုန်တိုင်းရဲ့အစဟေ့ မကြောက်ကြနဲ့
ငါတို့ရဲ့ယုံကြည်ရတဲ့မိုးလေဝသဌာနက မပြင်းလှဘူးလို့ဆိုသကွ။


၃ရက်နေ့ နံနက်ဟ,ဟုတ်မှဟုတ်ပါ့မလား
မုန်တိုင်းပြင်းလာပုံကအဝီစိပွက်သလိုပဲ တို့အိမ်၊တို့တဲ၊တို့ဝင်းထဲ
ရှိသမျှလေမှာပျံ ကြွလို့ တနာရီမိုင်လေးဆယ်တော့မကလှဘူးဟေ့
နောက်တနေ့မိုးသောက်တာ မမြင်ရရှာတော့မယ့်
လူတွေရဲ့ နောက်ဆုံးစကားသံသာ လေထဲမှာလွင့်ပျံကျန်ခဲ့တယ်။


ငှက်ပျောတောထဲ ဆင်ဝင်သွားတာမှ အစအနမြင်ရဦးမှာပေါ့
မနေ့က စည်ကားသက်ဝင်ကြတဲ့ရွာတွေဘယ်မှာရှိခဲ့လဲဆိုတာ
ရေပြင်ကြီးအလယ်မှာ ရှာမရတော့ဘူး
အပျက်အစီးအစအနနဲ့အလောင်းတွေသာမမြင်ရရင်
သက်သေပြစရာတောင် မကျန်တော့ပါလား။

မိဘမဲ့ သွားတဲ့ကလေးတွေရဲ့ငိုသံ သားသမီးပျောက်တဲ့မိဘတွေရဲ့ငိုသံ
ချစ်ခင်သူတွေအတွက်ငိုကြွေးသံ မိုးလုံးညံနေတာ ကမ္ဘာပျက်သလိုပါပဲ။


သိန်းချီတဲ့လူတွေသေလို့ သန်းချီတဲ့လူတွေ ဒုက္ခပင်လယ်ဝေစေတာ
နာဂစ်ဆိုတဲ့ ဆိုင်ကလုံးတခုတည်းရဲ့အပြစ်တွေလား
ကံကိုယုံတဲ့လူသားတွေမို့ ရှိကြပါစေတော့လေ
တို့တတွေကို စာနာသူတွေကတတ်နိုင်သမျှကူညီကြမှာပါ။

ဘယ်လိုလဲ ဟ ဒီန.အ.ဖ.တွေက သူတို့ကိုယ်တိုင်ကျ ဘာမှမလုပ်ပေးပဲနိုင်ငံတကာက အကူအညီပေးဖို့အရေးဆိုနေတာတောင်
ဟိုလူကျ မဝင်ရ ဒီလူကျ စိတ်မချရလို့ဆိုပြီး
တို့Aလောင်းတွေကိုခွလို့ ကြေးများနေကြသေးတယ်။

သူတို့အာဏာရူးဖို့ကျတော့ သိတတ်လိုက်ကြတာ
Referendum ကို နောက်ဆုတ်မရဘူးတဲ့
ထောက်ခံမဲပေးဖို့သီချင်းလွှင့်တဲ့တကြိမ်ရဲ့တဝက်လောက်သာ တို့တွေကိုစာနာတယ်လို့ပြောရင်ထောက်ခံမဲတောင် ပေးလိုက်ချင်ပါရ့။ဲ
အမှတ်ယူသလိုလိုဘာလိုလိုနဲ့သူများလာလှူတဲ့ပစ္စည်းတွေမှာ
သူတို့နာမည်တွေကပ် သူတို့မို့မရှက်တတ်တယ်။

မိန့်ခွန်းခြွေတာနဲ့အမိန့်ပေးတာကအပ ဘာမှမလုပ်တတ်တဲ့
ဒီန.အ.ဖ ရဲ့လက်မှာ မုန်တိုင်းနဲ့ ရေဘေးက ကံသီလို့လွတ်ခ့တဲ့ 
တို့တတွေ
ငတ်လို့မသေတောင် ကူးစက်ရောဂါနဲ့ အကုန်ပြောင်ရတော့မလား တို့တတွေမှာသစ္စာဆိုယုံမှတပါးအားကိုးရာမရှိတော့ပါ။

“ငါတို့တွင် ငါတို့မရွေးချယ်ပဲအတင်းအာဏာယူထားသောအစိုးရဆိုသူလူတစုရှိပါသည် သူတို့ဆွေမျိုးကောင်းစားရေးနှင့်အာဏာရူးခြင်းမှအပ ဘာမှသုံးမရပါ ”။

“ငါတို့အား ဒီမိုကရေစီထွန်းကားသော နိုင်ငံများနှင့်ကမ္ဘာ့ပြည်သူများက စာနာသနားကြသော်လည်း
ဒင်းတို့အားရှုတ်ချရုံမှလွဲ၍ ဘာမှလုပ်မပေးကြပါ”။

“ဤမှန်သောသစ္စာစကားကြောင့် ဤသို့သောအာဏာရူးများနှင့်ဘဝဆက်တိုင်းမဆုံရပါစေသား”
“ဖြစ်လေရာဘဝတိုင်းမှာ ဒီမိုကရေစီထွန်းကားသော နိုင်ငံတွင်သာ
လူပီသသော
လူဖြစ်ရပါစေသား
လူပီသသောလူဖြစ်ရပါစေသား” ။ ။

ရွက်စိမ်း

Previous
Next Post »