ပျဉ်းမနားတွင် ဗုံးပေါက်ကွဲ၊ အမျိုးသမီးတဦး သေဆုံး

မဇ္ဈိမသတင်းဌာန
အစောင့်အကြပ် ထူပြောလှသည် မြန်မာနိုင်ငံ၏ နေပြည်တော်သစ် အနီးရှိ ပျဉ်းမနား မီးရထား ဘူတာရုံတွင် ဗုံးပေါက်ကွဲရာ အမျိုးသမီးတဦး သေဆုံးသွားကြောင်း ရထားပို့ဆောင်ရေးဌာန အရာရှိတဦးက ပြောသည်။
ယနေ့ နံနက် ၄း၃ဝ က ပျဉ်းမနား အနီးရှိ ဘူတာရုံ အိမ်သာတွင် ဗုံးတလုံး ပေါက်ကွဲရာ အိမ်သာတက်နေသူဟု ယုံကြည်ရသည့် အမျိုးသမီးတဦး သေဆုံးသွားခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။
“အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးပြီး အိမ်သာလည်း ပျက်သွားတယ်။ တခြားတော့ ဘာအပျက်အစီးမှ မရှိဘူး။” ဟု သူက ပြောသည်။
လုံခြုံရေးများ တိုးမြှင့် ချထားလိုက်သော်လည်း ရထားခရီးစဉ်များ ပုံမှန်အတိုင်းပင် ဖြစ်သည်ဟု သူက ထပ်ပြောသည်။
ပျဉ်းမနားဆေးရုံမှ အမည်မဖော်လိုသူ သူနာပြုတဦးက ဗုံးဒဏ်ကြောင့် အမျိုးသမီးတဦး၏ ရုပ်အလောင်း ဆေးရုံသို့ ရောက်ရှိလာကြောင်းနှင့် ရင်ခွဲရုံတွင် ထားသည်ဟု ပြောသည်။
မည်သူကမှ ဗုံးဖောက်ခွဲသည်ဟု ထုတ်ဖော် ကြေညာခြင်း မရှိသေးသလို အာဏာပိုင်များ ဖက်ကလည်း ထုတ်ဖော်နိုင်ခြင်း မရှိသေးပါ။ နေပြည်တော် ရဲစခန်းကတော့ စုံစမ်းလျှက်ရှိသည်ဟု ဆိုသည်။
“လောလောဆယ်တော့ ဘယ်သူလုပ်တယ်ဆိုတာ မပြောနိုင်သေးဘူး။ စုံစမ်းဆဲပဲ” ဟု တပ်ကြပ်အဆင့်ရှိသူ ရဲဝန်ထမ်းက မဇ္ဈိမ သို့ ပြောသည်။
ရန်ကုန်ရှိ သတင်းရပ်ကွက်များက သေဆုံးသူအမျိုးသမီးသည် ကရင်လူမျိုး ဖြစ်သည်ဟု ဆိုသည်။ သို့သော် အတည်မပြုနိုင်သေးပါ။
အသေးစား ဗုံးပေါက်ကွဲမှုများသည် မြန်မာနိုင်ငံတွင် ထူးဆန်းမနေသော်လည်း ယခု ပေါက်ကွဲမှုသည် ၂ဝဝ၅ ခုနှစ်ကတည်းက စစ်အစိုးရ ရုံးစိုက်နေသည် နေပြည်တော်တွင် အနီးတွင်တော့ ပထမဆုံးအကြိမ် ဖြစ်သည်။

0 comments:

 

Myanmar Muslim Media (M.M.M) Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template