နအဖလုပ်ရပ်ကို ၀ိုင်းဝန်းဆန့်ကျင်ကြရန်ဘာသာကြီး (၄) ရပ်မှ ပူးတွဲထုတ်ပြန်

နအဖက ၎င်းတို့ ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လာမည့်မေလတွင် ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည့်အပေါ် ပြည်သူလူထုက ၀ိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြရန် အရေးတကြီး လိုအပ်နေကြောင်း ဘာသာကြီး (၄) ရပ်မှ ပူးတွဲ၍ ယမန်နေ့က ကြေညာချက် ထုတ်ပြန်သည်။

သာသနာ့ ဥသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ)၏ အထွေထွေအတွင်းရေးမှူး ဘဒ္ဒန္တဃောသိတက “နအဖရဲ့ကြေညာချက်ဟာ ပြည်သူလူထု တရပ်လုံးနှင့်တကွ နောင်လာနောက်သားတွေ စစ် ဖိနပ်အောက်မှာ တောက်လျှောက် စစ်ကျွန်ဖြစ်ရမယ့်ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်မဖြစ်ရေးအတွက် ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လုပ်မယ့် လူထုဆန္ဒခံယူပွဲ ပျက်ပြယ်သွားအောင် ၀ိုင်းဝန်းတိုက်ဖျက်ကြဖို့ ပြည်သူလူထုတရပ်လုံးကို တပ်လှန့် တိုက်တွန်း ရခြင်းဖြစ်တယ်”ဟု မိန့်ကြားသည်ဗုဒ္ဓဘာသာ၊ အစ္စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ အစရှိသည့် ဘာသာကြီးများ မှလည်း မြန်မာစစ်အုပ်စု၏ ဖိနှိပ်မှုကြောင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်များ ဆုံးရှုံးနေရပြီး စစ်အစိုးရ၏ သွေးခွဲမှုများကြောင့် ဖြစ်ပေါ်နေသည့် ဘာသာဝင်များအကြား စိတ်ဝမ်းကွဲမှုများကို သတိထားပြီး နအဖ၏ လုပ်ရပ်များအား ၀ိုင်းတိုက်ဖျက်ကြရန် ယခုကဲ့သို့ ပူးတွဲလုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်ကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်မောင်သက်က “နိုင်ငံရေးအကျပ် အတည်းရှိတိုင်း အာဏာရှင်တွေဟာ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးပြီး အမြတ်ထုတ်ခဲ့တာ ခေတ်အဆက်ဆက်ပဲ။ အဲ့ဒါကြောင့်မို့ ဘာသာဝင် အသီးသီးတွေအနေနဲ့ အဖြစ်မှန်ကိုသိရှိဖို့ရယ်၊ လက်ရှိမြန်မာပြည်အခြေအနေကို ပြည်တွင်းပြည်ပကသိရှိပြီး စာနာနားလည်မှု ရရှိဖို့အတွက် ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်တယ်။ နောက်ပြီး ရာသက်ပန် စစ်ကျွန်မဖြစ်ရအောင် ဘာသာကြီး (၄) ခုအပါအ၀င် ဘာသာပေါင်းစုံရဲ့ စုစည်းညီညွတ်မှုကို အခြေခံပြီး အတူတကွ လက်တွဲ ဆောင်ရွက်ဖို့ဖြစ်တယ်” ဟု ပြောသည်။

ဘာသာကြီး (၄) ရပ် စုပေါင်း ထုတ်ပြန်သည့် ကြေညာချက်တွင် မိမိတို့သည် ဘာသာရေးကို လက်ကိုင်ပြုကာ အကြမ်းမဖက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် နအဖကို တော်လှန်ကြရ မည်ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသာသာအတွက် ရဲရဲဝံ့ဝံ့ ကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းဖော်ပြထားသည်။ ။


Previous
Next Post »