တောင်ကုတ်ဆန္ဒပြပွဲ ပျက်ပြား

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယနေ့ ပြုလုပ်ရန် စီစဉ်ထားသော ရာချီရှိသည့် ဒေသခံများ၏ ဆန္ဒပြပွဲသည် အာဏာပိုင်များက လက်နက်များ ကိုင်ဆောင်၍ ဖြိုခွင်းရန် အသင့်အနေအထား ပြုခဲ့၍ မြို့တွင်း လှည့်လည်မှုမပြုမီ လူစု ခွဲလိုက်ကြသည်။
သံဃာတော် ၁ဝ ပါးအပါအဝင် လူအင်အား ၂ဝဝ ကျော်သည် မြို့ မဈေးအနီး၌ စုရုံးနေစဉ် မလှမ်းမကမ်းရှိ သမိုင်းဝင် ဖောင်တော်ဦးဘုရား မုခ်ဝတွင် ရဲ၊ လုံထိန်း၊ မယက၊ ရယက အဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် အများအပြားက ဒုတ်များ၊ ဒိုင်းများ၊ လေးခွများ ကိုင်ဆောင်၍ ဖြိုခွင်းရန် လုပ်ဆောင်သဖြင့် လူစုခွဲလိုက်ကြခြင်း ဖြစ်သည်။
“သူတို့က ငြိမ်းချမ်းမှုနဲ့ပဲဖြစ်ဖြစ်၊ စီတန်း လမ်းလျှောက်လို့ပဲဖြစ်ဖြစ် ဆန္ဒပြပွဲဖြစ်ခဲ့ရင် အကြမ်းဖက်မယ့် ပုံစံတွေနဲ့ အသင့် စောင့်နေကြတယ်ဗျ။ နံပါတ်ဒုတ်၊ လေးခွ၊ ဒိုင်းတွေ၊ လွှားတွေ ကိုင်ထားတော့ ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်ချင်လို့ ပြန်ဆုတ်ခဲ့ကြတယ်” ဟု တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ကိုမိုးနေစိုးက မဇ္ဈိမကို ပြောသည်။
ထို့နောက် မြို့တွင်း၌ စစ်ကားများ လှည့်လည်နေသလို ကင်းပုန်းများလည်း ချထားလိုက်သည်။
စစ်တပ်က ပြည်သူများထံမှ တပ်ရိက္ခာအတွက်ဟု ဆိုကာ လယ်တဧကလျှင် စပါး တတင်းနှင့် တပြည်ကို အတင်းအဓမ္မ မရောင်းမနေရ လိုက်လံ ဝယ်ယူနေခြင်း၊ တောင်ကုတ် ဒေသခံများ စားဝတ်နေရေး ကျပ်တည်းခြင်းနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။
စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် သံဃာလူထု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သဖြင့် တောင်ကုတ်မြို့ အန်အယ်ဒီ ခေါင်းဆောင်များဖြစ်သည့် ဦးခင်လှ (အတွင်းရေးမှူး) နှင့် ကိုမင်းအောင် (ဘဏ္ဍာရေးမှူး) တို့အပါအဝင် ဒေသခံ ၁၃ ဦးကို အာဏာပိုင်များက ယနေ့တိုင် ဖမ်းဆီးထားဆဲ ဖြစ်သည်။
ယမန်နေ့ညကလည်း ရခိုင်ပြည်နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးကျော်ခင်နှင့် တောင်ကုတ်မြို့နယ် အန်အယ်ဒီ ဒုဥက္ကဌ ဦးသန်းဖေတို့ကို အာဏာပိုင်များက ခေတ္တ ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ကာ ဆက်လက်၍လည်း သူတို့ကို လိုက်လံ စောင့်ကြည့်နေသည်။
မဇ္ဈိမ
Previous
Next Post »