ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံသတ်ဖြတ်ခံရ

ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း အတိုက်အခံခေါင်းဆောင် ဘနာဇီယာ ဘူတို (BenazirBhutto) ဒီနေ့ ပါကစ္စတန်နိုင်ငံ ရာဝါလ်ပဲန်ဒီမြို့မှာ လုပ်ကြံသတ်ဖြတ် ခံလိုက်ရပါပြီ။ အသေခံ ဗုံးခွဲတိုက်ခိုက်တဲ့သူက ဘနာဇီယာဘူတိုကို သေနတ်နဲ့အရင်ပစ်ပြီးမှ သူ့ကိုယ်သူ ဖောက်ခွဲလိုက်တာလို့ ရဲတွေနဲ့ အစောင့်အရှောက်တွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့ပါတယ်။
အစ္စလာမ်မာဘတ်မြို့တော် အပြင်ဘက် ရာဝါလ်ပဲန်ဒီမြို့ စစ်တပ်ဌာနချုပ်က ပန်းခြံအတွင်းမှာ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးပြီး သိပ်မကြာခင်မှာပဲမစ္စစ်ဘူတို လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။ ဆေးရုံကို အမြန်ဆုံးပို့ပြီး ဆရာဝန်တွေကအသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မမီခဲ့ပါဘူး။
တိုက်ခိုက်မှုမဖြစ်ခင် နာရီပိုင်းက မစ္စစ်ဘူတိုဟာ အာဖဂန်သမ္မတ ဟာမစ်ဇ် ခါဇိုင်းနဲ့ပါကစ္စတန်မှာ တွေ့ဆုံပါတယ်။ ဒီလိုတွေ့ဆုံတာတွေနဲ့ပတ်သက်လို့ မစ္စစ်ဘူတိုက သူနဲ့ ဟာမစ်ဒ်ခါဇိုင်းတို့အကြား အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတွေကို လက်တွဲ တိုက်ဖျက်ရမယ်ဆိုတာကို သဘောတူလိုက်ကြတယ်လို့ပြောပါတယ်။
မစ္စဘူတိုဟာ ရှစ်နှစ်ကြာ တိုင်းပြည်ပြင်ပမှာ နေထိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ပါကစ္စတန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ တိုင်းပြည်ကို ပြန်လာတဲ့အချိန်ကကရာချီမြို့မှာ လူပေါင်း ၁၄၀ လောက်သေဆုံးခဲ့ရတဲ့ ဆင့်ကဲ အသေခံဖောက်ခွဲမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာတော့ မစ္စစ်ဘူတိုဟာ ဘေးမသီရန်မခ လွတ်မြောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုဟာ ပါစ္စတန်သမ္မတ ပါဗက်ဇ် မူရှာရတ်ဖ်နဲ့ နိုင်ငံရေးအာဏာကို ခွဲဝေနိုင်မယ့် အပေးအယူလုပ်ရေးကိစ္စတွေ လပေါင်းများစွာ ဆွေးနွေးခဲ့သလို အမေရိကန်ပြည်ထောင်စုရဲ့ အခိုင်အမာထောက်ခံမှုကိုလည်း ရရှိထားပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲ ရပ်တန့်နေခဲ့ပြီး မစ္စစ်ဘူတိုဟာ လာမယ့် ဇန်ဝါရီလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးနေခဲ့ပါတယ်။

0 comments:

 

Myanmar Muslim Media (M.M.M) Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template