ဗိုလ်မှူးဘရှင် (၁၉၁၄ - ၁၉၇၀)
![]() ဗိုလ်မှူးဘရှင် (၁၉၁၄ - ၁၉၇၀) | ၁။ အမည်ရင်း - ဗိုလ်မှူးဘရှင်၊ ၂။ မိဘအမည် - ကျောင်းအုပ်ဆရာကြီး ဦးဟိန်း + ဒေါ်စောရင်၊ ၃။ မွေးသက္ကရာဇ် - ၁၉၁၄၊ ၄။ မွေးဖွားရာဒေသ - ပျဉ်းမနားမြို့၊ ၅။ ကလောင်အမည်ခွဲများ - စံအောင်၊ သုတေသီ၊ ဗိုလ်မှူးဉာဏ၊ တိုင်း(၄)ရဲဘော်ဟောင်း၊ ဦးဘရှင်၊ ဒု-ဗိုလ်မှူးကြီး ဘရှင်၊ မောင်ပင်တည်၊ ဝရီစံ၊ ကင်းထောက်မောင်။ |
ကိုယ်ရေးဖြစ်စဉ် ဗိုလ်မှူးဘရှင်ကို ကျောင်းအုပ်ဆရာကြီး ဦးဟိန်း၊ ဒေါ်စောရင်တို့မှ ၁၉၁၄ ခုနှစ်တွင် ပျဉ်မနားမြို့၌ ဖွားမြင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်တွင် ဝိဇ္ဇာတန်း၌ ကျောက်စာ၊ ပုဂံခေတ် သမိုင်း သုတေသန၊ အရှေ့တိုင်းရာဇဝင် (ရှေးဟောင်း)၊ ဥရောပ-ဗြိတိသျှ အင်ပါရာ စသည့် ဘာသာတွဲများကို သမိုင်း (ဂုဏ်ထူး) ဖြင့် အောင်မြင်ခဲ့သည်။ ခေတ်လယ် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် တရုတ်-မြန်မာ ကျောက်စာ သမိုင်းတို့ကို သုတေသန ပြုလုပ်ခဲ့သည်။ |
ဒုတိယ ကမ္ဘာစစ်အတွင်း၌ အရှေ့အာရှ လူငယ်များ အစည်းအရုံးတွင် ဉာဏဗလ တာဝန်ခံဖြစ်ခဲ့ပြီ ဘီဒီအေခေတ်၌ ပညာရေး ဌာနတွင် သမိုင်းဘာသာရပ်ကို သင်ပြခဲ့သည်။ ဂျပန် တော်လှန်ရေး တိုင်း(၄) တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ တပ်မတော်တွင် ၁၉၅၆ ခုနှစ်ထိ ဒုတိယဗိုလ်မှူးကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်သို့ ကူးပြောင်း တာဝန် ထမ်းဆောင်ခဲ့သည်။
သမိုင်း ကော်မရှင်၌ ကျမ်းပြု အရာရှိ အဖြစ် ဆောင်ရွက်နေစဉ် သမိုင်းတံခွန် ဂျာနယ်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာတို့ဖြင့် သုတေသန စာတမ်းများကို ရေးသားခဲ့သည်။
၁၉၆၂ ခုနှစ်၊ လောကထိပ်ပန် စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း၊ ပုဂံ ရှေးဟောင်းခေတ် မင်စာများ အကြောင်း ဖော်ပြသော ပုဂံမင်စာစု သုတေသနခရီး အစီရင်ခံစာ စာအုပ်ကို ရေးသားပြုစုခဲ့သည်။ မြန်မာ့ စွယ်စုံကျမ်း၌ လူမျိုးစု ဆိုင်ရာ၊ သမိုင်းဆိုင်ရာ အကြောင်း ရေးသားခဲ့သည်။
တက္ကသိုလ်၊ အုပ်ချုပ်ရေးရုံးမှ ထုတ်ဝေသော ပညာပဒေသာ စာစောင်၊ ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မြန်မာစာ အသင်း၊ သတ္တဗေဒ အသင်း၊ မွတ်စလင် ကျောင်းသားများ အသင်း စသည်တို့မှ ထုတ်ဝေသော မဂ္ဂဇင်းများ၊ ငွေတာရီ၊ ပညာတန်ဆောင်၊ လုပ်သားပြည်သူ နေ့စဉ် (အင်္ဂလိပ်-မြန်မာ) သတင်းစာများတွင်လည်း သုတေသန ဆောင်းပါးများ ရေးသားခဲ့သည်။
၁၉၇၀ ပြည့်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီက "အနော်ရထာအရင်က မြန်မာနိုင်ငံ" စာအုပ်ကို နောက်ဆုံး ရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်၌ အစောပိုင်း မြန်မာနိုင်ငံ သမိုင်းကျမ်း ပြုစု ရေးသားနေဆဲ ဖြစ်သည်။
ဗိုလ်မှူးဘရှင်သည် သင့်ဘဝ၊ ငွေတာရီ၊ မြဝတီ၊ စစ်ပညာဂျာနယ်၊ ပညာပဒေသာ၊ ပညာလောက၊ ပညာတန်ဆောင် ယဉ်ကျေးမှု စာစောင်၊ ခေတ်ကြေးမြင် နှစ်လည် မဂ္ဂဇင်း၊ ရန်ကုန် တက္ကသိုလ် သတ္တဗေဒ နှစ်ပတ်လည် စာစောင်နှင့် အခြားသော မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသား ခဲ့ပါသည်။
ဗိုလ်မှူး ဘရှင် ရေးသား ပြုစုခဲ့သော စာအုပ်များ
၁။ အရှေ့အာရှစစ်ကြီးနှင့် သဘောတူညီမှု အကျိုးခံစားရေး စနစ် ၁၉၄၄
၂။ ဥရောပ စီးပွားရေး ရာဇဝင် (ပထမပိုင်း) ၁၉၄၅
၃။ မြန်မာနိုင်ငံတော်သမိုင်း ၁၉၅၆
၎။ ပြည်သူ့ရေးရာ (ပထမတွဲ) ၁၉၆၀
၅။ အစ္စလာမ်ဖြစ်စဉ်သမိုင်း ၁၉၆၀
၆။ လောကထိပ်ပန် (အင်္ဂလိပ်ဘာသာ) The Lokahteinpan ၁၉၆၂
၇။ ပုဂံမင်စာ သုတေသန လုပ်ငန်း၊ ပထမ၊ ဒုတိယ တတိယခရီးတို့၏ အစီရင်ခံစာ ၁၉၆၄
၈။ စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ သမိုင်းစာတမ်း ၁၉၆၈
၉။ အနော်ရထာ အရင်က မြန်မာနိုင်ငံ ၁၉၇၁
No comments:
Post a Comment